click here and earn

Click here and Earn money

.

ဘာကြောင့် gay လဲ၊ ဘာကြောင့် straight လဲ


ဘာကြောင့် gay လဲ၊ ဘာကြောင့် straight လဲ

လိင်စိတ်တိမ်းညွတ်မှုဆိုင်ရာသိပ္ပံပညာ

ဆိုင်မွန် လီဗေး

အခန်း(၁) လိင်စိတ်တိမ်းညွတ်မှုဆိုတာ ဘာလဲ

လိင်စိတ်တိမ်းညွတ်မှုဆိုတာ ကိုယ် ဘယ်လိုပါတနာ (လိင်ဆက်ဆံဖော်)ကို ပိုနှစ်သက်စွဲလမ်းသလဲကို ပြောချင်တာပါ။ ပိုပြီးတိတိပပပြောရမယ်ဆိုရင် ကျွန်တော်တို့ လိင်အမျိုးအစားတွေကို နှစ်ခြိုက်မှုအပေါ် လွှမ်းမိုးနေတဲ့ ကိုယ်ရည်ကိုယ်သွေးပါပဲ။ ကိုယ်နဲ့ လိင်တူသူတွေကို နှစ်ခြိုက်တာလား (ဥပမာ-ဟိုမို၊ ဂေး၊ လက်စဘီယံ) ကိုယ်နဲ့လိင်ကွဲပြားသူတွေကို စွဲလမ်းတာလား (ဥပမာ- heterosexual or straight) လိင်တူလိင်ကွဲနှစ်မျိုးကို နှစ်သက်တာလား (ဥပမာ- bisexual) စသဖြင့်ပေါ့။ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ရဲ့ ဆိုလိုချက်တွေကို ခုအခန်းမှာ အသေးစိတ်ခွဲခြမ်းစိတ်ဖြာကြည့်ပါမယ်။



လိင်စိတ်တိမ်းညွတ်မှု စံနှုန်းများ

ကျွန်တော်တို့တတွေ လိင်စိတ်တိမ်းညွတ်မှုကို အကဲဖြတ်တဲ့အခါ လူတစ်ယောက်ချင်းစီရဲ့ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု(ယောက်ျား၊ မိန်းမ စသည်ကို)ကို အခြေခံပြီး ဆုံးဖြတ်လေ့ရှိပါတယ်။ ဆိုလိုတာက သူ့ရဲ့ ခံစားချက်တွေပေါ့။ သင် ယောက်ျားကို စိတ်ဝင်စားသလား၊ မိန်းမကို စိတ်ဝင်စားသလား၊ ယောက်ျား၊ မိန်းမ နှစ်မျိုးလုံးကို စိတ်ဝင်စားသလား ဆိုတဲ့ မေးခွန်းကို သူတို့ဘယ်လိုဖြေသလဲအပေါ် ကြည့်ဆုံးဖြတ်တာပါပဲ။ အမေးခံရတဲ့အချိန်ကာလအတွင်းက ခံစားချက်တွေကိုတင် ဆိုလိုတာမဟုတ်ဘဲ (သူတို့)ဘဝတစ်လျှောက်လုံး ကြုံဖူးခဲ့သမျှ ခံစားချက်အားလုံးကို ပြောချင်တာပါ။

၁၉၄၀-၅၀ ခုနှစ်များဆီက Alfred Kinsey ရဲ့လေ့လာချက်များမှာတော့ လူတစ်ယောက် ယောက်ျား သို့မဟုတ် မိန်းမတွေနဲ့ ဘယ်လောက်အတိုင်းအတာထိ လိင်ဆက်ဆံဖူးသလဲဆိုတဲ့ လိင်ပိုင်းဆိုင်ရာအပြုအမူ (sexual behavior) ကိုပါ ထည့်သွင်းစဉ်းစားထားပါတယ်။ ဒီချဉ်းကပ်မှုရဲ့ ပြဿနာကတော့ ဒီလိင်ပိုင်းဆိုင်ရာအပြုအမူတွေကို အခြေခံလိင်ပိုင်းဆိုင်ရာခံစားချက်တွေနဲ့ မသက်ဆိုင်တဲ့အချက်တွေကပါ လွှမ်းမိုးနေနိုင်တာပါပဲ။ ပြီးတော့ ဒါတွေက ဘဝတစ်လျှောက်လုံး တသမတ်တည်းရှိနေမှာမဟုတ်ဘဲ ပြောင်းလဲသွားနိုင်တဲ့အချက်တွေဖြစ်နေလို့ပါပဲ။ အကျဉ်းထောင်ထဲက မိန်းမတစ်ယောက်ကို သူ့အခန်းဖော်မိန်းမနဲ့ ကာမစက်ယှက်မိတာနဲ့ လက်စဘီယံလို့ သတ်မှတ်ရမှာလား။ မဟုတ်သေးပါဘူး။ ဒီလိုပဲ ယောက်ျားတစ်ယောက်ကို ခရစ်ယာန်ဘုရားကျောင်းတော်ရဲ့ အချင်းတို့ များပြားစွာမွေးဖွားကြလော့ ဆိုတဲ့အဆုံးအမ ကို လိုက်နာကျင့်သုံးနေလို့ လိင်ကွဲချစ်သူအဖြစ် စာရင်းသွင်းမှာလား။ မဟုတ်သေးပါဘူး။

ပါတနာရွေးချယ်တဲ့အပေါ် သက်ရောက်နေတဲ့အချက်တွေအများကြီးရှိပါတယ်။ ပါတနာ ဘယ်နှယောက်၊ ဘယ်လို ရနိုင်သလဲ၊ သူ့ရဲ့ကျင့်ဝတ်ဆိုင်ရာအမြင်၊ (လူ့အဖွဲ့အစည်းနဲ့)အလိုက်သင့်လေးနေချင်တဲ့ဆန္ဒ၊ ကလေးလိုချင်တဲ့ဆန္ဒ၊ စူးစမ်းလိုစိတ်၊ ဝင်ငွေအခက်အခဲ (ဥပမာ- ပြည့်တန်ဆာလုပ်ငန်း) စသည် စသည်ရှိနေမှာပါ။ တချို့အနေအထားတွေမှာ အပြောထက် လုပ်ရပ်က ပိုတာတယ်ဆိုတာ မှန်ပါတယ်။ ဥပမာ- လိင်ကွဲချစ်သူအဖြစ် မိမိကိုယ်မိမိလက်ခံထားတဲ့ ယောက်ျားတစ်ယောက်ကို ကျားအိမ်သာတွေထဲမှာ ပါတနာလိုက်ရှာနေတာ တွေ့လိုက်တာမျိုးပေါ့။ ဒါပေမဲ့ လူတွေ သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာ ခံစားချက်တွေအကြောင်း ပြောဆိုချက်တွေကို ပစ်ပယ်လိုက်လို့တော့ မရသေးပါဘူး။

လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုဆိုတာမျိုးက ဧကဝုစ် (တစ်ခုတည်း) သဘောဆောင်တဲ့ အယူအဆမဟုတ်ပါဘူး။ ဆွဲဆောင်မှုမှာမှ ရုပ်(ကိုယ်ကာယ)ပိုင်းဆိုင်ရာ ဆွဲဆောင်မှု (ရမ္မက်ကိုဆိုလိုတယ်) ဆိုတာရှိတယ်။ ရိုမန့်တစ်ဆန်တဲ့ ဝါ စိတ်ခံစားချက်ပါတဲ့ ဆွဲဆောင်မှု (စိတ်ပိုင်းဆိုင်ရာပေါင်းစည်းလိုတဲ့ဆန္ဒကို ဆိုလိုတယ်၊ ဒီအမျိုးအစားအတွက် ကာမက လိုချင်မှလိုအပ်တာမျိုးပါ) ဆိုတာရှိတယ်။

ရိုမန့်တစ်ဆန်တဲ့ဆွဲဆောင်မှုဟာ ချစ်ခင်ရင်းနှီးတဲ့မိတ်ဆွေသူငယ်ချင်းအဖြစ်ကို ပြောင်းလဲသွားတဲ့အတွက် လိင်ဆက်ဆံတဲ့အဆင့်ကို မရောက်တော့ပါဘူး။ ဥပမာ- ၁၈ ရာစု ဥရောပမှာ လိင်ကွဲချစ်သူယောက်ျားနှစ်ယောက် အချင်းချင်းပို့ကြတဲ့စာတွေထဲမှာ အတွင်းကျကျရင်းနှီးတဲ့စကားလုံးတွေ ထည့်ရေးတဲ့အလေ့ရှိခဲ့ဖူးပါတယ်။ ဒီနေ့ခေတ်လူတွေဖတ်ကြည့်ရင် ဒီယောက်ျားနှစ်ယောက် ကြိုက်များကြိုက်နေသလားလို့ သံသယဖြစ်စရာကောင်းတဲ့အထိပါပဲ။ ဝတ္ထုရေးဆရာ ဂျင်းန်ပေါ သူ့သူငယ်ချင်း ဖရက်ဒရစ်ရှ် ဟိန်းနရစ်ရှ် ဂျကိုဘီဆီ ရေးတဲ့စာထဲကတချို့ကို ကောက်နုတ်ပြမယ်။ သို့ ချစ်ရပါသော ဟိန်းနရစ်ရှ်ရေ အခွင့်ကြုံတဲ့အခါ ငါ့ကိုချစ်တယ်ကို ပြောဖြစ်အောင်ပြောစမ်းပါဦးကွာ။ မင်းဆီက ချစ်တယ်ဆိုတဲ့စကားကို မိန်းမငယ်လေးတစ်ယောက်လို ထပ်ခါခါကြားချင်နေမိတယ်။ ဂျကိုဘီ ဘယ်လိုစာပြန်သလဲ ရှုစားကြည့်ပါ။ ငါလည်း မင်းလိုပါပဲကွာ။ သူငယ်ချင်းတွေဟာ တစ်ယောက်ကိုတစ်ယောက် မိန်းမက သူ့ယောက်ျားကိုချစ်သလိုမျိုး၊ လူတစ်ယောက်က သူ့ချစ်သူကိုချစ်သလိုမျိုး ချစ်ရမယ်မဟုတ်လား။ ဒီနှစ်ယောက်လုံးမှာ မိန်းမကိုယ်စီနဲ့ပါ။ သူတို့ကို ယောက်ျားအချင်းချင်း သံဝါသပြုချင်နေတယ်လို့ ပြောမရပါ။

ဖြစ်နိုင်ချေရှိတာက ဒီလိုအမျိုးသားတွေဟာ ပိုလွတ်လပ်ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းမျိုးမှာဆိုရင် လိင်တူချစ်သူ ဒါမှမဟုတ် လိင်တူလိင်ကွဲချစ်သူ(bisexual) ဖြစ်နိုင်တယ်လို့ ကောက်ချက်ချလို့ရပါတယ်။ အဲဒီ့ခေတ်ကာလတုန်းက လိင်တူချစ်ခြင်းအကြောင်း မသိကြသေး၊ ပြောကြဆိုကြတာမရှိသေးဘူးလေ။ ဒီတော့ လိင်ကွဲချစ်သူယောက်ျားမိန်းမတွေအနေနဲ့ (ဒီနေ့ခေတ်နဲ့စာရင်) ကိုယ်နဲ့လိင်တူအုပ်စုအပေါ် တွယ်တာရင်းနှီးမှုတွေကို ပိုလွတ်လွတ်လပ်လပ်ထုတ်ဖော်ရဲကြမှာပေါ့။ ဒီလိုရင်းနှီးမှုအပေါ် လိင်ပိုင်းဆိုင်ရာတပ်မက်မှုလို့လည်း သံသယရှိကြမှာမဟုတ်ဘူးလေ။ ရိုမန့်တစ်ဆန်တဲ့စွဲဆောင်မှုဟာ နယ်နိမိတ်သတ်မှတ်ဖို့ ခက်ခဲတဲ့အတွက် သုတေသနပညာရှင်အများစုဟာ ရုပ်(ကိုယ်ကာယပိုင်း)ဆိုင်ရာ စွဲဆောင်မှုက လိင်စိတ်တိမ်းညွတ်မှုလေ့လာရေးမှာ ပိုအသုံးတည့်မယ်လို့ လက်ခံထားကြပါတယ်။

စိတ်ခံစားမှု နဲ့ လိင်မှုရေးရာအပြုအမူတို့အပြင် (ဒါမှမဟုတ် အစားထိုး) လိင်စိတ်တိမ်းညွတ်မှုအတွက် စံညွှန်းတစ်ခုအနေနဲ့ ရာဂနိုးကြွမှု (arousal)ကိုလည်း သုံးကြပါသေးတယ်။ ရာဂနိုးကြွမှုဆိုတာကတော့ (ပွင့်ပွင့်လင်းလင်းပြောရရင်) လိင်ဆက်ဆံချင်စိတ်ပေါ်အောင် နိုးဆွနေနိုင်တာကို ဆိုလိုပါတယ်။ လူတစ်ယောက်ရဲ့ခဏတာ စိတ်နိုးထမှုတစ်ခုပါပဲ။ သူ့ကိုစွဲဆောင်နိုင်တဲ့ ပါတနာဘေးနားမှာ ရှိနေစဉ်ဖြစ်ချင်ဖြစ်မယ်။ ရမ္မက်နိုးဆွနိုင်တဲ့ပုံတွေကြည့်နေရင်း ဖြစ်ချင်ဖြစ်မယ်။ လိင်ဆက်ဆံနေတဲ့အချိန်လည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် လိင်ဆက်ဆံတဲ့အကြောင်း စိတ်ကူးယဉ်နေစဉ်လည်း ဖြစ်ကောင်းဖြစ်မယ်။ ရာဂနိုးကြွမှုကို တိုင်းထွာဖို့နည်းလမ်းကတော့ ဓာတ်ခွဲခန်းထဲမှာ လိင်အင်္ဂါတွေရဲ့ တုံ့ပြန်မှုတွေကို စောင့်ကြည့်လေ့လာခြင်းပါပဲ။ ယောက်ျားတွေအတွက်ကတော့ ယောကျာ်းတန်ဆာနားမှာ ကိရိယာကို တပ်ဆင်ပြီး ရမ္မက်ကြွစေတဲ့ပုံတွေကြည့်တုန်းမှာ ယောက်ျားတန်ဆာ ဘယ်လောက်အခြေအနေထိ ထောင်မတ်လာသလဲ၊ ဘယ်လောက်နှုန်းနဲ့ထောင်မတ်လာသလဲ တိုင်းတာလို့ရပါတယ်။ မိန်းမတွေမှာတော့ ယောနိ(မိန်းမကိုယ်)နံရံ အရောင်ပြောင်းလဲမှုကို တိုင်းတာပေးမယ့် ကိရိယာကို အသုံးပြုနိုင်ပါတယ်။ လိင်စိတ်ထကြွလာတဲ့အခါ သွေးတွေနဲ့ပြည့်ပြီး အရောင်နီသထက်နီလာမှာပါ။ ဒီလိုလိင်အင်္ဂါနိုးကြွမှုဟာ ရုပ်(ကိုယ်ကာယပိုင်းဆိုင်ရာ) စွဲဆောင်မှုနဲ့ တော်တော်နီးစပ်ပါတယ် (အနည်းဆုံးတော့ ယောက်ျားတွေမှာပေါ့) သူ့ရဲ့စိတ်ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းဖွင့်ပြောဖို့ တွန့်ဆုတ်နေတဲ့သူတွေကို ဒီနည်းလမ်းနဲ့ ဖော်ထုတ်နိုင်ပါတယ်။ ဒါ့ကြောင့် ကလေးတွေကို လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်သူတွေရဲ့စိတ်ခံစားချက်ကို စစ်ဆေးဖို့ အသုံးပြုပါတယ်။ အချိန်ကုန်တာရယ် သူများအတွင်းရေးကို ကျူးကျော်သလိုဖြစ်နေတာရယ်ကြောင့် သုတေသနတွေမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးဖို့ထိတော့ အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီနည်းလမ်းကိုသုံးထားတဲ့ လေ့လာမှုတချို့ကို ထည့်ပြောသွားပါမယ်။

အဇ္ဈတ္တဆန်တဲ့ စိတ်ပိုင်းဆိုင်ရာ လိင်စိတ်နိုးကြွမှုဟာ လိင်အင်္ဂါနိုးထမှု ရှေ့စောလာတယ် ဒါမှမဟုတ် တစ်ပြိုင်နက်တည်းဖြစ်လေ့ရှိပါတယ်။ ဒါမှမဟုတ် လိင်အင်္ဂါနိုးထမှုမပါဝင်ဘဲလည်း ဖြစ်နိုင်ပါတယ်။ တချို့သုတေသနပညာရှင်တွေကတော့ စမ်းသပ်ခံလူသားတွေကို ရမ္မက်နိုးဆွမယ့် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကြည့်နေစဉ်အတွင်း သူတို့ရဲ့ လိင်အင်္ဂါနိုးထမှု အတိုင်းအတာကို မေးမြန်းကြည့်ပါတယ်။ ဥပမာအားဖြင့် လီဗာမောင်းတံတစ်ခုကို တွန်းခိုင်း ဆွဲခိုင်းခြင်းနဲ့ပေါ့။ တချို့ကတော့ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကို ပုံရိပ်အဖြစ်ဖမ်းယူစစ်ဆေးနိုင်တဲ့ နည်းလမ်းတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ရာဂနိုးကြွမှုကို တိုင်းတာဆန်းစစ်ဖို့ ကြိုးစားကြပါတယ်။ သူတို့ရဲ့ရှာဖွေတွေ့ရှိချက်များကို နောက်ပိုင်းအခန်းများမှာ ဖော်ပြသွားပါမယ်။ စာတွေ့(သီအိုရီ)ပိုင်းမှာ လူတစ်ယောက်ရဲ့ပူးပေါင်းပါဝင်မှုမပါဘဲ ဒီလိုနည်းလမ်းတွေနဲ့ လိင်စိတ်တိမ်းညွတ်မှု အနေအထားကို လေ့လာတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အညာဖမ်းစက် လို့ ခေါ်တဲ့ ဦးနှောက်ကို စကင်ဖတ်ပေးတဲ့စက်တွေရဲ့ အစွမ်းကလည်း လက်တွေ့သုံးနိုင်ပြီလို့ အတည်မပြုရသေးပါဘူး။ တကယ်လို့ သုံးနိုင်တဲ့အနေအထား ရောက်ပြီဆိုရင်တောင်မှ ဒီ လိင်စိတ်တိမ်းညွတ်မှုစမ်းသပ်ဖို့ သုံးသင့်မသုံးသင့်ကလည်း ကျင့်ဝတ်အရမေးခွန်းထုတ်စရာ၊ အငြင်းပွားစရာ ဖြစ်နေပါတယ်။

အတိုချုပ်ပြောရမယ်ဆို လိင်စိတ်တိမ်းညွတ်မှုကို ဆန်းစစ်တဲ့နေရာမှာ ခေတ်မီနည်းပညာကိရိယာမသုံးဘဲ မေးခွန်းတွေမေးတဲ့နည်း (ယောက်ျားတွေကို နှစ်သက်သလား၊ မိန်းမတွေကို နှစ်ခြိုက်သလား စသည်) ကသာ အကောင်းဆုံးဖြစ်နေဆဲပါပဲ။

(ဆက်ရန်)
Gay, Straight and the Reason Why: The Science of Sexual Orientation by Simon LeVay
 

0 comments:

Post a Comment