click here and earn

Click here and Earn money

.

ဘယ်တော့မှ နောင်တမရဘူး၊ ဖြစ်တာကို ခံယူဖို့ အသင့်ပဲ

အသံခွဲစိတ်မှု  ပြုလုပ်ထားသည့် Make Up Artist မထက် (Pop Soul) နှင့် တွေ့ဆုံခြင်း

ဓာတ်ပုံ- သက်ကို

ရန်ကုန် ၊ ဧပြီ ၂၉။      ။ သဘာဝ လွန်ဆန်မှုတွေနဲ့ ဘဝကို ဖြတ်သန်းနေကြသည့် သူတွေထဲတွင် မထက် (Pop Soul) Make Up Artist တစ်ယောက်လည်း အပါ အဝင်ဖြစ်သည်။ ၎င်းသည် မိန်းမ တစ်ယောက် လိုနေကြည့် ချင်သည့် စိတ်တစ်ခု အတွက် ပထမဆုံး စိန်ခေါ် မှုအဖြစ် ရင်သား ခွဲစိတ် မှုပြုလုပ်ခဲ့ သလိုထို သို့ပြောင်းလဲမှုက ပေးသည့် နာကျင်မှုတွေကို အချိန်အတော်ကြာ ခံစားခဲ့ရသည်။ ယခုအခါမှာလည်း ဒုတိယ စိန်ခေါ်မှုအဖြစ် အသံ ခွဲစိတ်မှု ထပ်မံ ပြုလုပ်ခဲ့သူ တစ်ဦး ဖြစ်သည်။ ဒါ့အပြင် လိင်ပြောင်းလဲမှုကိုလည်း အသက် ၃၅နှစ် မကျော်ခင် ပြုလုပ်သွားရန်လည်း စီစဉ်ထားသည်ဟု သူက ဖွင့်ဟပြောဆိုသည်။ မိမိလုပ် ချင်သည့် အရာကို မဖြစ်ဖြစ်အောင် တစ်ခုချင်း ပြုပြင် ပြောင်းလဲနေသည့် မထက်ကို မဇ္ဈိမမှ သွားရောက်တွေ့ ဆုံမေးမြန်း ခဲ့သည်။


မေး - အသံခွဲစိတ်တာ ဘယ်လောက် ကြာခဲ့လဲ ။
ဖြေ - မတ်လ ၁၀ရက်နေ့က ဘန်ကောက်က ရန်ဟီးဆေးရုံမှာ အသံစခွဲတယ် ၁၀ရက်နေတော့ စကားပြောခွင့်ပေးတယ် ပြီးတော့ ချုပ်ရိုးဖြေတယ် ပြီးတော့မြန် မာပြည်ပြန် လာတယ်ဆေးရုံ ကတော့ ၂ရက်ပဲ တက်ရတယ်။

မေး - ခွဲစိတ်မှု ကုန်ကျ စရိတ်ကကော။
ဖြေ - ဆေးရုံ ၂ရက် တက်တာရယ် ခွဲစိတ်တာရယ် ဒေါ်လာ ၃၃၀၀ ကုန်တယ်။

မေး - စကားစပြီး ပြောလို့ရတဲ့ အခါမှာ ဖြစ်ပေါ်လာတဲ့ မထက်ရဲ့ ခံစားချက်။
ဖြေ - ဘာ ဖီလင်မှ မရှိဘူး။ ချုပ်ရိုးဖြေ တဲ့နေ့ မှာဆို အသံ လုံးဝ မထွက်ဘူး။ အသံ မထွက်လို့ ဆရာဝန် ကတောင် အသံ ထွက်ရမယ် မထွက်လို့ စိုးရိမ်နေသေး တာ။ ကိုယ်ကတော့ ဘာဖီလင်မှ မရှိဘူး။ လုပ်ခဲ့ပြီးပြီ လုံးဝ နောင်တမရဘူး။ အိမ်က အငယ်ကောင်ဆို ပိုဆိုးတယ် စိတ်မပူဖို့ သူက ကိုယ့်ကိုပြောတယ်။ ကိုယ် က လုံးဝ စိတ်မပူဘူး။ ဘာလို့ စိတ်မပူလဲ ဆိုတော့ လုပ်ခဲ့ပြီးပြီ အချွတ်အချော် အတိမ်းအစောင်း ဆိုတာလဲ ရှိမယ်။ လုပ်ခဲ့လို့လည်း ဘယ်တော့ မှနောင်တမရ ဘူး။ဖြစ်တာကို ခံယူဖို့ အသင့်ပဲ အဲဒါကြောင့် ဘာခံစားချက်မှ မရှိဘူး။

မေး - အရင် အသံအနေအထားနဲ့ ကွာသွားတဲ့ အပေါ်မှာရော မထက် အနေနဲ့ ဘယ်လို ခံစားရလဲ။ ဘာ့ကြောင့် အသံ ခွဲစိတ်ခဲ့တာလဲ။
ဖြေ - အရင် အသံနဲ့တော့ ကွာလာတာပေါ့နော် ။ အဲလောက်ကြီးတော့ မဟုတ်ဘူး ဆိုပေမယ့် အရင်ထက် စာရင် တော့ အများကြီး အဆင်ပြေလာ တယ်။ပျော် ရွှင်မှုလည်း မရှိဘူး။ ဒီဟာ စလုပ်ကတည်းက ဘာဖီလင်နဲ့မှ လုပ်တာ မဟုတ်ဘူး။ သူများတွေကသာ ဘာသံ ထွက်လာမလဲ ဆိုပြီး စိတ်ပူနေတာ။ ကိုယ်က ဘာ မှ စိတ်မပူဘူး။ ထွက်ချင်တဲ့ အသံ ထွက်လာပါစေ။ အရင်ထက် စာရင်တော့ နည်းနည်း ပုံစံပြောင်း သွားမယ် ဒီလောက်ပဲ။

မေး - အသံခွဲပြီး နောက်ပိုင်းမှာ ဘယ်လို ဆိုးကျိုးတွေ ခံစားရတာမျိုး ရှိလဲ။
ဖြေ - အခုချိန်မှာတော့ အရမ်း ပင်ပန်းတယ်။ စကားပြောရတာ အဆင်မပြေသေးဘူး။ ၃လလောက်တော့ အချိန်ယူရမယ် ပြောတယ်။ ထက် ထင်တာတော့ ၆လ လောက်တော့ အချိန်ယူရမယ် ထင်တယ်။ အခု ၁လခွဲတော့ ရှိပြီ စကားပြောလို့ မရဘူး။ အကြောတွေ ထောင်နေတယ်။ ခွဲနေတဲ့ အချိန်မှာလဲ နာတာတွေ မရှိဘူး။ဆေးတွေက အရမ်းကောင်းတော့ထွေထွေထူးထူးတော့ မခံစားရဘူး။ ဒါပေမယ့်ခွဲစိတ်ပြီး ၂ရက် နေတော့ဆေးသောက်တဲ့ အချိန်မှာတော့ လည်ချောင်း ကယောင်နေတယ်။ များများ မျိုချလို့မရဘူး။ ဆေးသောက်တဲ့ အချိန်မှာတော့ အခက်အခဲ ဖြစ်တယ်။ ပိုးသတ်ဆေးတွေ တိုက်တဲ့ အခါမျိုးမှာ လည်ချောင်းထဲမှာ နင်နေတယ် အဲအချိန် ကတော့သေလောက်အောင် ခံရတယ်။

မေး - အသံ နဲ့ပတ်သက်ပြီး ဆေးရုံ ထပ်သွားပြဖို့ကော ရှိလား။
ဖြေ - ဆေးရုံ က ၁ လ နေရင် ချိန်းထားတယ် ။ အလုပ် မပြီးသေးတာနဲ့ မသွားဖြစ်သေးဘူး။ နောက်လ ထဲတော့ပြန်ပြရမယ်။ ၃လ လောက် ဆိုရင်တော့ စကားကောင်းကောင်းပြောလို့ ရပြီလို့ ဆရာဝန် ကပြောတယ်။ အခုချိန်ထိတော့ လည်ပင်း တစ်လျှောက် ကယောင်နေသေးတယ်။

မေး - အသံခွဲစိတ်ပြီး နောက်ပိုင်း အစားအသောက် ရှောင်ရတာမျိုးကော ရှိလား။
ဖြေ - စားချင်တာ စားလို့ရတယ်။ အဓိကက အရမ်းပူတာ အရမ်းစပ်တာ အရမ်းအေးတာ ရှောင်ရတယ်။ ကျန်တဲ့ ခံစားမှုကတော့ ဘာမှ မရှိဘူး။

မေး - အရင် ရင်သား ခွဲစိတ်မှုနဲ့ အခု အသံခွဲစိတ်မှုက မထက်ရဲ့ ဒုတိယမြောက် စိန်ခေါ်မှုလို့ ဆိုမလား။
ဖြေ - ရင်သား ခွဲစိတ်တုန်းကတော့ အရမ်း နာတယ်။ အရမ်းကို နာတယ်။ အသံ ခွဲတာကတော့ ဘယ်လိုမှ မနေဘူး။ဆေးသောက်တဲ့ အချိန်လေးပဲ နင်တာ ၂ခေါက်ဖြစ်တယ် အဲအချိန်ကတော့ လုံးဝသေမတတ်ပဲ။ အသံခွဲတာကထက် အတွက်ဒုတိယမြောက် စိန်ခေါ်မှုလို့ပြောလို့ရပါတယ်။ ရင်သားတုန်း ကတော့ဆေး ရုံမှာ ၁၁ရက်လောက် နေရတယ်။ ရင်သား ခွဲစိတ်တုန်းကဆို ၆လလောက်က ကျောက်ခဲကြီးပဲ လုံးဝကျောက်ခဲလိုကြီး မာနေတာ။ ၁နှစ်လောက် မှပျော့သွား တာ အခုတော့ ပုံမှန် ရင်သားလိုဖြစ် သွားပါပြီ။

မေး - အသံ ခွဲစိတ်ဖို့အတွက် ဖခင် ကိုယ်တိုင်က တိုက်တွန်းခဲ့တဲ့ အပေါ်မှာ မထက်ရဲံ့စားချက်က။
ဖြေ - အမေ ကတော့ အဲလောက် အားမပေးဘူး ဆိုပေမယ့် အဖေကတော့ လုပ်လိုက်ပေါ့လို့ပြောတယ်။ အမေက ဒီကိစ္စကို ဘာမှ မပြောဘူး။ ရှေ့ တစ်ခေါက် ကတော့အိမ်က သိကိုမသိလိုက်တာ။ အခုလို မိဘတွေပြောင်းလဲလာတာကလည်း ကိုယ်က သူတို့စိတ်ချ ယုံကြည်လို့ရတဲ့ နေထိုင်မှုတွေ ကိုယ့်ရဲ့ ရှေ့မှာ လုပ်ပြ ခဲ့တာတွေနဲ့ အများကြီး ဆိုင်ပါတယ်။ ချက်ခြင်း ဝုန်းဆိုပြီးတော့ လက်မခံဘူး။ မိဘ နဲ့ တဖြည်းဖြည်း အပေးအယူ လုပ်ရင်းနဲ့ လက်ခံ လာတာပါ။

မေး - ဒီလို သဘာဝလွန်ဆန်တဲ့ လုပ်ရပ်တွေ လုပ်ဖို့အတွက် ဘယ်လို သတ္တိတွေ ယူခဲ့ရလဲ။
ဖြေ - သတ္တိမွေးတယ် ဆိုတာ ကတော့ အထူးအထွေတော့ မရှိဘူး။ အဓိက လေ့လာမှုပဲ ကိုယ်က လေ့လာတယ်။ လုပ်မလား လုပ်မယ်။ ဘယ်အရာမဆို ခွဲစိတ် မှုထက် ခက်ခဲတဲ့ အလုပ်တွေ အများကြီး လုပ်ခဲ့ဖူးတယ်။ ဒီဟာ လောက်ကိုတော့ ခေါင်းထဲ မထည့်တော့ဘူး။ ဘယ်အရာမှတော့ လွယ်လွယ်ကူကူနဲ့ မရဘူး။ ပင်ပန်းတယ်။ ပုံမှန် သဘာဝကနေ ခွဲထွက်ပြီး လုပ်တဲ့ အခါကျ နေရထိုင်ရ ခက်တာမျိုးတွေ ရှိတယ်။

မေး - နောက်ထပ် စိန်ခေါ်မှုတစ်ခု ဖြစ်တဲ့ လိင်ပြောင်းဖို့ အတွက်ရော မထက် ပြင်ဆင်မှုတွေ လုပ်နေပြီလား။
ဖြေ - အလုပ်ကလည်း အချိန် ပေးနေရတော့ ဘန်ကောက်မှာ အနည်းဆုံး ၂လ လောက် နေရမှာ ဆိုတော့ ၂လလောက်နေဖို့က တော်တော် အခက်အခဲဖြစ် တယ်။အဲဒါကိုတစ်ချက်ပြန်ချိန်နေတယ်။ စုံစမ်းထားတဲ့ ရန်ဟီးဆေးရုံက ၁နှစ်ဟော်မုန်း Changes လုပ်ဖို့အတွက်စောင့်ခိုင်းတယ်။ အဲဒီဆေးရုံက ဘန်ကောက် မှာ အကောင်းဆုံးပဲ။

မေး - လိင်ပြောင်းဖို့အတွက် ကုန်ကျစရိတ်ကရော ဘယ်လောက် ရှိလဲ။
ဖြေ - ရန်ဟီး ဆေးရုံကတော့ သိန်း ၁၃၀ နဲ့ ၁၅၀ လောက် ရှိတယ်။ နောက်ထပ် ဆေးရုံ တစ်ခုကိုလည်း စုံစမ်းထားတယ်။

မေး - ရင်သားတွေ အသံတွေ လိင်ပိုင်း ဆိုင်ရာတွေ ပြောင်းလဲပြီး နောက်ပိုင်း မထက်ရဲ့ နေထိုင်မှု ပုံစံကကော ပြောင်းလဲ လိုက်မှာလား။
ဖြေ- ပုံမှန်ပဲ ဒီအတိုင်းပဲ မိတ်ကပ်ပြင်မယ်အလုပ်လုပ်မယ် ဒါပဲ။ ကျန်တာဘာတစ်ခုမှ မရှိဘူး။ပြောင်းလည်းရတယ် မပြောင်းလည်းရတယ်။ ဘာထူးလဲ ဆိုတော့ ဘာမှ အဲလောက် မထူးဘူး ထူးသွားဖို့ လုပ်တာတော့ မဟုတ်ဘူး။ အဓိက လုပ်ချင်လို့ လုပ်တာပဲ ရှိတယ်။ ကိုယ်က ဒီလို နေမယ်လို့ စဉ်းစားပြီးပြီ။ မိန်းမ တစ်ယောက် လိုနေကြည့် ချင်တယ်။ ဒီလောက်ပါပဲ။

မေး - ပြောင်းလဲမှုနဲ့အတူ ဘဝလက်တွဲဖော်ကိုရော အတူ မြင်တွေ့ရမှာလား။
ဖြေ - အရင်တုန်းကလည်း မစဉ်းစားထားဘူး။ နောက်လည်း မစဉ်းစားတော့ဘူး။ ဘာလို့လဲ ဆိုတော့ ကိုယ်က မိန်းမ တစ်ယောက် မဟုတ်ဘူး ။ ကိုယ်က မိန်းမ တစ်ယောက် မဟုတ်တဲ့ အတွက် ဒီဟာကို တစ်သက်လုံး လက်ခံနိုင်တဲ့ ယောင်္ကျား ရှိလား မရှိလားလည်း မသိဘူး။ အဲဒီ့အတွက် စိတ်ကူးလည်း မယဉ်ဘူး။ ဘာ ဖီလင်မှလည်း မရှိဘူး။ ဒါပေမယ့် ရည်းစားထားတယ် ချစ်တတ်တယ် ဒီလောက်ပါပဲ။

မေး - အဲဒီလို ပြောင်းလဲမှုတွေ အပေါ်မှာ စိုးရိမ်စိတ်ကော ဖြစ်မိလား။
ဖြေ - နိုး ။ ဘယ်တော့မှ မစိုးရိမ်ဘူး။ အမေက ပြောတယ်။ မကြောက်ဘူးလားတဲ့။ တကယ်လို့များ နင်လုပ်နေရင်းနဲ့ သေသွားရင် ဘယ်လို လုပ်မလဲတဲ့ သေသွားတော့လည်းသေသွား တာပေါ့လို့ အဲလိုပဲ ပြောလိုက်တယ်။ ဘာဖီလင်မှမရှိဘူး ကိုယ်လုပ်ချင်တဲ့ အရာတွေကို List လုပ်ထားတယ်။ တခုချင်းစီ လုပ်နေ တယ်။ ရည်ရွယ် ထားတာတွေ အကုန်လုံး တဆင့်ချင်း ဖြစ်လာဖို့ပဲ ခေါင်းထဲမှာ ရှိတယ်။ စာအုပ် တစ်အုပ် ထဲမှာ ဖတ်ဖူးတယ်။ အဲဒီ တစ်ယောက်က သူ့ဘဝမှာ သူလုပ်ချင်တာတွေ အားလုံး List လုပ်ထားတယ် သေခါနီး အထိ သူပြန် ကြည့်လိုက်တဲ့ အခါမှာ သူတော်တော်များများ လုပ်ထားခဲ့နိုင်တယ် အဲဒါကို အားကျလို့ အခုလို လုပ်ဖြစ်တာထင်တယ်။ အဓိကကတော့ စိတ်ပဲ။

မေး - မထက် ရဲ့ အသံ ခွဲစိတ်မှုကို ဘယ်လို အသံ ထွက်ပေါ်လာမလဲ ဆိုပြီး တော်တော်များများကလည်း သိချင်နေကြတယ်။ အဲဒီ အတွက် မထက် ဘယ်လို အစီအစဉ် ရှိလဲ။
ဖြေ - ထက် ကို ချစ်ကြတာ ဝမ်းသာပါတယ်။ ဖေ့ဘုတ်က သူငယ်ချင်းတွေဆိုလည်း သိချင်နေကြတယ်။ အခုက ဗီဒီယို ဖိုင် တင်လို့ ရတဲ့ အနေအထား မရောက်သေးတော့ စကားပြောဖို့တောင် မနည်းအားယူပြီး ပြောနေရတာ ဆိုတော့ လေသံ ဆက်ပြီး စကားကောင်းကောင်းပြော လို့ရတဲ့ အချိန်ရောက် ရင်တော့ ဗီဒီယိုဖိုင် တင်ပြီး သူငယ်ချင်းတွေ ကိုပြောပြမယ်။

မေး - လိင် ပြောင်းလဲဖို့အတွက် လေ့လာမှုတွေ ဆရာဝန်နဲ့ တိုင်ပင်ပြီးပြီလား။
ဖြေ - ဆရာဝန်နဲ့လည်း ဆွေးနွေး ဖြစ်တယ်။ မြန်မာလူမျိုးတွေက ပိုက်ဆံရှိရင် ဒါက ပိုချက်ခြင်း ပြောင်းလို့ရတယ်လို့ထင်တာ။ မဟုတ်ဘူး ဟိုမှာက ပိုက်ဆံရှိ တိုင်း ဘယ်သူမှ လုပ်လို့မရဘူး။ လုပ်ခွင့်ရှိမှ ဒါတွေ အကုန်လုံးကို စာမေးပွဲ ဖြေရသေးတယ် ။ စာမေးပွဲ ဖြေလို့ စာမေးပွဲအောင်မှ ထောက်ခံချက် ထုတ်ပေး တာထောက်ခံချက် ထုတ်ရင်တောင်မှ ခွဲလို့မရဘူး။ ကုသမှုပိုင်းကိုအရင်ခံယူရတယ် ခန္ဓာကိုယ်မှာ ရှိတဲ့ ယောင်္ကျား ဟော်မုန်းတွေကို ချုပ်ပလိုက်ပြီး မိန်းမဟော် မုန်း ဖြစ်အောင် လုပ်ပစ်ရတယ် အဲလိုတွေ အချိန်ယူရင်းနဲ့မှ သူက ခွဲစိတ်မှုကို စရတာ။ လူတွေ ထင်တာက ဝုန်းဆို လုပ်လို့ရတယ် ထင်တာ မဟုတ်ဘူး။ ဒီဟာ ကုသဖို့ အတွက်ကို ၁နှစ်လောက် အချိန်ယူရတယ်။ စာမေးပွဲအောင်မှ ခွဲစိတ်လို့ ရတာ။ သူတို့ နိုင်ငံမှာ အဲဒါကို လက်မှတ် ထုတ်ပေးတဲ့ ဆရာဝန်နှစ်ယောက် ရဲ့ ထောက်ခံချက် သူတို့ တစ်နိုင်ငံလုံးက ဆရာဝန်တွေမှာမှ ၂ယောက်ပဲ ရှိတာ။ အဲ့နှစ်ယောက်ရဲ့ ထောက်ခံချက်ရမှ ကိုယ်က Sex ချိန်းလို့ရတာ။

မေး - ဒါဆို မထက် အနေနဲ့ ဘယ်တော့လောက် ပြောင်းလဲဖို့ စီစဉ် ထားလဲ။
ဖြေ- ထက် အသက် ၃၄နှစ် မှာတော့ ပြောင်းလဲဖို့ လုပ်ထားတယ်။ ၃၅ မကျော်ခင်တော့ လုပ်မယ်။ အခုက ၃၃နှစ် ၊ ၃၄နှစ် ထဲမှာ ရအောင် လုပ်မယ်။ ဒါမှ မဟုတ် ၃၃နှစ်ထဲမှာပဲ လုပ်ဖြစ်မလားတော့ အတိအကျ မသိရသေးဘူး။ လုပ်မှာကတော့ သေချာပါတယ် ။ အချိန်ကို ကြည့်ပြီး ရရင်ရတဲ့ အချိန်မှာ ထလုပ်မယ်။ အချိန်တိုင်းတော့ ခေါင်းထဲမှာ ရှိတယ်။

မေး - မထက် ရဲ့ အသံကို စိတ်ဝင်တစားနဲ့ စောင့်မျှော်နေကြတဲ့ ပရိသတ်တွေကို မထက် အနေနဲ့ ဘာပြောချင်လဲ။
ဖြေ - ဘဝ ကိုတော့ အကောင်းဆုံး လျှောက်လှမ်းနေတယ်။ ကိုယ့်ဘာသာကိုယ် လျှောက်လမ်းတဲ့ အပေါ်မှာ လူအများစု က လက်ခံတယ် အားပေးတယ် အကောင်းဆုံး ဖေးမပေးတယ်။ နားလည် ပေးတဲ့အတွက် အရမ်းပျော်တယ်။

0 comments:

Post a Comment