ယောက်ျားတွေနဲ့မိန်းမတွေရဲ့ လိင်စိတ်တိမ်းညွတ်မှု
ယောက်ျားနဲ့မိန်းမတွေရဲ့ လိင်စိတ်တိမ်းညွတ်မှုကို သတ်မှတ်တဲ့အခါ
နှစ်မျိုးနှစ်ဖုံ ချဉ်းကပ်လို့ရပါတယ်။ လိင်စိတ်တိမ်းညွတ်မှုကို ဖော်ပြဖို့
အများစုသုံးလေ့ရှိတဲ့ အခေါ်အဝေါ်တွေကတော့ လိင်ကွဲစုံမက်သူ(heterosexual) ၊
လိင်တူလိင်ကွဲချစ်သူ(bisexual) ၊ လိင်တူချစ်သူ(homosexual) တို့ဖြစ်ပါတယ်။
ဒီအခေါ်အဝေါ်တွေမှာ ယောက်ျား၊ မိန်းမ ခွဲခြားသုံးနှုန်းထားမျိုးမရှိပါ။
ယောက်ျားရော မိန်းမမှာပါ လိင်ကွဲချစ်သူဆိုရင် ဆန့်ကျင့်ဘက်လိင်ကို
ချစ်ခင်နှစ်သက်သူလို့ ဆိုလိုပါတယ်။ လိင်တူချစ်သူဆိုတာကတော့
ကိုယ်နဲ့လိင်တူသူကို နှစ်ခြိုက်တာဖြစ်ပြီး လိင်တူလိင်ကွဲချစ်သူကတော့
လိင်နှစ်မျိုးကို သဘောကျသူလို့ ဆိုလိုပါတယ်။ ဒီလိုသုံးနှုန်းတာဟာ
ယဉ်ကျေးမှု(culture)အရတော့ လက်သင့်ခံနိုင်စရာရှိပါတယ်။ အကြောင်းကတော့
(ယောက်ျားရော မိန်းမမှာပါ)လိင်ကွဲချစ်သူတွေဟာ လူအများစုဖြစ်ပြီး ပုံမှန်
လို့ အသိအမှတ်ပြုခံရထားတဲ့လူတန်းစား ဖြစ်နေလို့ပါပဲ။
လိင်တူချစ်သူတွေ(လိင်တူလိင်ကွဲချစ်သူတွေလည်း ပါကောင်းပါနိုင်ပါတယ်) ကတော့
ဝိုင်းကျဉ်ခံရတဲ့လူနည်းစုဖြစ်လို့ပါပဲ။
လိင်စိတ်တိမ်းညွတ်မှု ကွဲပြားနေရတဲ့ အကြောင်းတရားကို သိရှိဖို့
ကြိုးစားနေတဲ့အချိန်မှာ ဒီအသုံးအနှုန်းတွေဟာ သင့်တော်ရဲ့လားစဉ်းစားစရာပါပဲ။
ကျွန်တော်တို့အနေနဲ့ ယောက်ျား၊မိန်းမတွေကို လိင်ကွဲချစ်သူဖြစ်လာအောင်
တွန်းပို့ပေးတဲ့ အကြောင်းတရားတွေကို မရှာဖွေသင့်ဘူးလား။ ဒီလိုပဲ
ယောက်ျား၊မိန်းမတွေကို လိင်တူချစ်သူဖြစ်လာအောင် ပို့ပေးတဲ့
အကြောင်းတရားတွေကိုရော မရှာဖွေသင့်ဘူးလား။
လိင်တူခင်တွယ်မှုကို ယောက်ျားရောမိန်းမမှာပါ ရှင်းပြနိုင်မဲ့ မိုဒယ်မျိုး တည်ဆောက်ပြလို့ရပါတယ်။
ဥပမာတချို့ကို ရှုစားပါ။ အဆိုတစ်ခုမှာတော့
လိင်ကွဲချစ်သူဖြစ်လာစေတဲ့ထဲ ကျွန်တော်တို့ရဲ့ငယ်ဘဝက
စိတ်ပိုင်းဆိုင်ရာဖြစ်စဉ်က ပါဝင်နေတယ်လို့ ယူဆပါတယ်။ ငယ်စဉ်ကလေးဘဝကတည်းက
ကိုယ့်လိင်အမျိုးအစားကို(ယောက်ျား၊ မိန်းမစသည်ပေါ့) စသတိထားမိနေပြီ။
အဲဒီ့နောက် ကိုယ်နဲ့လိင်တူသူတွေကို
(လိင်ပိုင်းဆိုင်ရာ)စွဲဆောင်နိုင်တဲ့စာရင်းထဲက ဖယ်ထုတ်ပစ်လိုက်တာပေါ့။
ဒီလိုနည်းအားဖြင့် ကိုယ်နဲ့လိင်ကွဲပြားသူတွေကိုပဲ
သာယာစရာလို့မြင်လာတယ်လို့ဆိုပါတယ်။ ဒီအဆိုအရဆိုရင်
လိင်တူချစ်တဲ့ယောက်ျားမိန်းမတွေဟာ ကလေးဘဝတုန်းက ကိုယ့်ဇီဝလိင်မဟုတ်တဲ့
လိင်အုပ်စုဝင်တွေအဖြစ် ကိုယ့်ကိုယ်ကို လက်ခံထားကြလို့ပဲလို့
ကောက်ချက်ချပါတယ်။ ဒုတိယအဆိုကတော့ လိင်ကွဲချစ်ခြင်းဟာ
ကိုယ့်လိင်အုပ်စုနဲ့ပတ်သက်တဲ့ ယဉ်ကျေးမှုနှုန်းစံတွေကို လက်ခံတဲ့ သမားရိုးကျ
လက္ခဏာကနေ ဆင်းသက်လာတာပါတဲ့။ ထို့အတူ လိင်တူချစ်ခြင်းကတော့
အဲဒီလိုယဉ်ကျေးမှုနှုန်းစံတွေကို ငြင်းပယ်တဲ့ တော်လှန်တဲ့ လက္ခဏာကြောင့်ပါတဲ့။
မိုဒယ်နှစ်ခုလုံးမှာ ယောက်ျားမိန်းမတွေရဲ့ လိင်တူချစ်ခြင်းကို
ဖြစ်စဉ်တစ်ခု ဒါမှမဟုတ် လက္ခဏာတစ်ရပ်နဲ့ ရှင်းပြဖို့ ကြိုးစားထားပါတယ်။
ဒီအတွေးအခေါ်နှစ်ခုနဲ့မတူတဲ့ အယူအဆတွေလည်းရှိပါသေးတယ်။ ယောက်ျားတွေ
လိင်ကွဲချစ်ခြင်းနဲ့ မိန်းမတွေ လိင်တူချစ်ခြင်းကို အတူတူလို့ ယူဆတာမျိုးပါ။
နှစ်ခုလုံးက မိန်းမတွေကို (လိင်ပိုင်းဆိုင်ရာ)
ချစ်ခင်နှစ်သက်တာပဲမဟုတ်လား။ ထို့အတူပဲ ယောက်ျားတွေကို
(လိင်ပိုင်းဆိုင်ရာ)နှစ်သက်တဲ့ မိန်းမတွေရဲ့ လိင်ကွဲချစ်ခြင်းနဲ့
ယောက်ျားတွေရဲ့လိင်တူချစ်ခြင်းကို အတူတူလို့ သတ်မှတ်နိုင်ပါတယ်။ ဒါ့ကြောင့်
လိင်ပိုင်းဆိုင်ရာလေ့လာတဲ့ သုတေသနပညာရှင်တွေဟာ တိကျတဲ့အခေါ်အဝေါ်တွေကို
သုံးနှုန်းလေ့ရှိပါတယ်။ လိင်ကွဲချစ်သူယောက်ျားတွေနဲ့
လိင်တူချစ်သူမိန်းမတွေကို ရည်ညွှန်းတဲ့အခါ မိန်းမကိုနှစ်သက်သော(gynephilic) ၊
လိင်ကွဲချစ်သူမိန်းမတွေနဲ့ လိင်တူချစ်သူယောက်ျားတွေကို ရည်ညွှန်းချင်တဲ့အခါ
ယောက်ျားကိုနှစ်သက်သော(androphilic) လို့ အသီးသီးသုံးနှုန်းပါတယ်။
ပုံ ၁.၁ - Alternative conceptions of sexual orientation
ဒီအမြင်နဲ့ကိုက်ညီမဲ့ မိုဒယ်မျိုးတည်ဆောက်ပြဖို့က သိပ်မခက်ပါဘူး။
ဥပမာဆိုကြပါစို့။ မိန်းမတွေရဲ့ အဆင်း၊ အသံ၊ ကိုယ်သင်းရနံ့၊
အပြုအမူစတာတွေကို တပ်မက်မှုကို
လွှမ်းမိုးတဲ့မျိုးရိုးဗီဇဆဲလ်တစ်ခုရှိတယ်ဆိုကြပါစို့။
အဲဒီ့မျိုးရိုးဗီဇဆဲလ်ဟာ လင်ကွဲချစ်သူယောက်ျားတွေနဲ့
လိင်တူချစ်သူမိန်းမတွေမှာ အလုပ်လုပ်နေပြီး လိင်ကွဲချစ်သူမိန်းမတွေနဲ့
လိင်တူချစ်သူယောက်ျားတွေမှာ အလုပ်မလုပ်(ဒါမှမဟုတ် မပါတာ)ဘူးလို့
ပြောနိုင်တာပေါ့။ ယောက်ျားတွေရဲ့ အဆင်း၊ အသံ၊ ကိုယ်သင်းရနံ့၊
အပြုအမူကိုတပ်မက်စေတဲ့ မျိုးရိုးဗီဇဆဲလ်ဟာလည်း ထိုနည်းလည်းကောင်းပဲပေါ့။
လိင်စိတ်တိမ်းညွတ်မှုကွဲပြားနေရခြင်းမှာ လိင်ပိုင်းဆိုင်ရာသာယာမှုရခြင်းကို
အကြောင်းတရားတစ်ခုအဖြစ်ယူတဲ့ မိုဒယ်တစ်ခုလည်းရှိပါသေးတယ်။ ဒီအယူအဆမှာတော့
ကိုယ်နဲ့ ပထဆုံးလိင်ဆက်ဆံတဲ့ လိင်အမျိုးအစားကိုပဲ သေသည်အထိ
တပ်မက်သွားတယ်လို့ လက်ခံထားပါတယ်။ ဒါ့ကြောင့် မိန်းမတွေနဲ့
ပထမဆုံးလိင်အတွေ့အကြုံရှိသူတွေဟာ
မိန်းမနှစ်သက်သူတွေ(လိင်ကွဲချစ်သူယောက်ျားတွေနဲ့လိင်တူချစ်သူမိန်းမတွေ)
ဖြစ်လာတယ်လို့ ဆိုပါတယ်။ ယောက်ျားတွေနဲ့ ပထမဆုံးအတွေ့အကြုံရှိသူတွေကတော့
ယောက်ျားချစ်သူတွေ(လိင်ကွဲချစ်သူမိန်းမတွေနဲ့ လိင်တူချစ်သူယောက်ျားတွေ)
ဖြစ်လာတယ်ပေါ့။ ဒီအယူအဆကို ကျွန်တော်ကတော့ လုံးဝလက်မခံပါဘူး။ ဒါပေမဲ့
လိင်စိတ်တိမ်းညွတ်မှု(အထူးသဖြင့် လိင်တူချစ်ခြင်း)ကို ဖြစ်ထွန်းလာပုံကို
ရှင်းပြဖို့ နောက်ပိုင်းအခန်းများ(အခန်း ၂)မှာ ထည့်သွင်းပေးထားပါတယ်။
အပေါ်ကပြောခဲ့တဲ့မိုဒယ်တွေထဲက အခြေခံအချက်လေးတွေကို ရောနှောထားတဲ့
စပ်တူမိုဒယ်တွေ တည်ဆောက်ကြည့်လို့လည်းရပါတယ်။ ကျွန်တော်တို့သတိထားရမှာက
ဖြစ်စဉ်(ဒါမှမဟုတ် လက္ခဏာ)တစ်ခုတည်းကပဲ လိင်တူချစ်ခြင်း(သို့မဟုတ်)
လိင်ကွဲချစ်ခြင်းကို ဖြစ်စေတယ်လို့ မယူလိုက်ဖို့ပါပဲ။ လိင်အုပ်စုတစ်ခုမှာ
လိင်တူချစ်ခြင်း၊ တခြားလိင်အုပ်စုတစ်ခုမှာ လိင်ကွဲချစ်ခြင်းကို
အားပေးအားမြှောက်လုပ်မှာ အချက်တစ်ခုတည်းကပဲ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။
ဒါမှမဟုတ် ယောက်ျားမိန်းမတွေမှာ လိင်စိတ်တိမ်းညွတ်မှုကို
လွှမ်းမိုးနေတဲ့အချက်တွေက လုံးဝမဆက်စပ်တာလည်းဖြစ်ပါလိမ့်မယ်။
လိင်စိတ်တိမ်းညွတ်မှု၏ မပြောင်းမလဲရှိတတ်ခြင်းသဘော
ဝိသေသလက္ခဏာတစ်ရပ် လို့ သုံးနှုန်းခြင်းကိုက လိင်စိတ်တိမ်းညွတ်မှုဟာ
မပြောင်းမလဲရှိတတ်တယ်လို့ ဆိုလိုချင်တာပါပဲ။ ကျွန်တော်တို့အများစုဟာ
လိင်စိတ်တိမ်းညွတ်မှုက မပြောင်းလဲတော့ဘူးလို့ ယုံကြည်ထားကြပါတယ်။
ဒါ့ကြောင့်ပဲ လိင်တူချစ်သူမိန်းမ(လက်စဘီယံ) ၊ လိင်ကွဲချစ်သူယောက်ျား စသည်
ခေါ်ဝေါ်သုံးစွဲနေတာပေါ့။ လိင်စိတ်တိမ်းညွတ်မှုကသာ တာရှည်မခံ၊
ပြောင်းလဲသွားတတ်တဲ့အမျိုးဆိုရင် ဒီအသုံးအနှုန်းတွေဘယ်သုံးမလဲလေ။
ဒီလို လိင်စိတ်တပ်မက်မှုရဲ့ မပြောင်းလဲတတ်တဲ့သဘောကို ခုဆွေးနွေးကြည့်ရအောင်။
တကယ့်အပြုအမှု (လိင်ဆက်ဆံတာကိုပြောတာ)ကိုသာ ထည့်တွက်မယ်ဆိုရင်
လိင်စိတ်တိမ်းညွတ်မှုဟာ လူအများစုအတွက် ပြောင်းလဲလွယ်တဲ့အရာဖြစ်မှာပါ။
မင်းသမီးAnne Hecheရဲ့ဖြစ်စဉ်ကို ဥပမာအဖြစ်ပြပါမယ်။ သူ(မ)ဟာ
လိင်စိတ်တိမ်းညွတ်မှု နှစ်ကြိမ်ပြောင်းဖူးသူလို့ ဆိုနိုင်ပါတယ်။ ၁၉၉၇မှာ
Ellen DeGeneres နဲ့ ကြိုက်တယ်။ နောက်သုံးနှစ်အကြာမှာ ကင်မရာမင်း Coleman
Laffoon နဲ့ ဒိတ်လုပ်ပြန်တယ်။ သူ(မ)ကို တိုက်ရိုက်မမေးမြန်းဘဲ အဲဒီ့ကာလက
သူ(မ)ရဲ့လိင်စိတ်တပ်မက်မှုဘယ်လိုပြောင်းလဲသွားသလဲ ကောက်ချက်ချဖို့
မဖြစ်နိုင်ပါဘူး။
လူတွေရဲ့လိင်စိတ်တိမ်းညွတ်မှု အချိန်နဲ့အမျှ ပြောင်းလဲသွားသလား၊
ဒီအတိုင်းဆက်ရှိနေသလား လေ့လာချက်တချို့ရှိပါတယ်။ ၂၀၀၃ခုနှစ်က
ထုတ်ပြန်ချက်တစ်ခုမှာ နယူးဇီလန်ရှိအော်တာဂွန်တက္ကသိုလ်က သုတေသနပညာရှင်တွေဟာ
၁၉၇၂ နဲ့ ၁၉၇၃ခုနှစ်အတွင်း ဒီမြို့မှာပဲမွေးတဲ့ ယောက်ျားမိန်းမတွေကို
စဉ်ဆက်မပြတ်လေ့လာမှု(longitudinal study) တစ်ခုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ့ယောက်ျားမိန်းမတွေကို အသက် ၂၁နှစ်မှာ တစ်ခါ၊ ၂၆နှစ်မှာ တစ်ခါ၊
သူတို့ရဲ့လိင်စိတ်တိမ်းညွတ်မှုကို မေးမြန်းခဲ့ပါတယ်။ အသက် ၂၁နှစ်မှာ
မေးမြန်းတဲ့အခါ လေ့လာမှုမှာပါဝင်တဲ့ ယောက်ျား ၄၄၈ယောက်မှာ ၄၄၃ယောက်(၉၉%)က
မိန်းမတွေကိုပဲ လုံးဝ(ဒါမှမဟုတ် လုံးဝနီးပါး) နှစ်သက်သူတွေလို့
ဖြေဆိုကြပါတယ်။ အသက် ၂၆နှစ်မှာမေးမြန်းတဲ့အခါ
အဲဒီလိုဖြေဆိုကြတဲ့လိင်ကွဲချစ်သူယောက်ျားထဲကမှ သုံးယောက်(၁%အောက်)ကပဲ
ယောက်ျားတွေကို တပ်မက်တယ်လို့ ဖြေဆိုကြပါတယ်။ အဲဒီလိုပဲ မိန်းမ အယောက်
၄၃၀မှာ ၄၂၂ယောက်(၉၈%)က ယောက်ျားတွေကိုပဲ လုံးဝ(ဒါမှမဟုတ် လုံးဝနီးပါး)
နှစ်သက်တယ်လို့ ထွက်ဆိုပါတယ်။ အဲဒီ့မိန်းမတွေထဲကမှ ခြောက်ယောက်(၁.၄%)ပဲ
၂၆နှစ်အရွယ်မေးမြန်းချိန်မှာ မိန်းမတွေကို တပ်မက်တယ်လို့ ဖြေဆိုပါတယ်။
တစ်နည်းပြောရရင် လိင်ကွဲချစ်ခြင်းဟာ ငါးနှစ်အတွင်းမှာ
မပြောင်းလဲသလောက်နီးပါးရှိတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။
လိင်ကွဲချစ်သူမဟုတ်သူ(လိင်တူလိင်ကွဲနှစ်မျိုးလုံးနှစ်သက်သူ ဒါမှမဟုတ်
လိင်တူချစ်သူတွေ)ယောက်ျားငါးယောက်ထဲ အသက် ၂၆နှစ်မှာ လေးယောက်ဟာ
မပြောင်းလဲရှိနေပါတယ်။ လိင်ကွဲချစ်သူမဟုတ်တဲ့မိန်းမရှစ်ယောက်ထဲကတော့
နောင်ငါးနှစ်ကြာတဲ့အချိန် သုံးယောက်ပဲ မပြောင်းလဲကျန်ခဲ့ပါတယ်။
ဒီတွေ့ရှိချက်အရ လိင်ကွဲချစ်သူမဟုတ်တဲ့မိန်းမတွေရဲ့ လိင်စိတ်တိမ်းညွတ်မှုဟာ
ပြောင်းလဲသွားနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ တိကျခိုင်မာတဲ့
ကောက်ချက်ချလို့တော့ မရသေးပါ။ စစ်တမ်းတဲ့ဦးရေက နည်းသေးတာကိုး။
Utahတက္ကသိုလ်က စိတ်ပညာရှင် Lisa Diamondကတော့ လေ့လာမှုအစမှာ
လိင်ကွဲချစ်သူမဟုတ်တဲ့မိန်းမ ၈၉ယောက်ကို အထူးပြုလေ့လာခဲ့ပါတယ်။
နောင်ဆယ်နှစ်အကြာ ပြန်လည် မေးမြန်းတဲ့အခါ ၈ယောက်ပဲ လိင်ကွဲချစ်သူတွေ
ဖြစ်သွားပါတယ်။ လိင်ကွဲချစ်သူမဟုတ်သူများဆိုတဲ့
ကျယ်ပြန့်တဲ့ခေါင်းစဉ်အောက်မှာ မသိမသာပြောင်းလဲသွားတာလေးတွေ
ရှိချင်ရှိမှာပေါ့။ ဒါပေမဲ့ တကယ့် လိင်စိတ်တိမ်းညွတ်မှုထက်
မိန်းမတွေသူတို့ကိုယ်သူတို့ တပ်တဲ့တံဆိပ်တွေ ပြောင်းလဲသွားတာက
ပိုများပါတယ်။
ဆိုခဲ့ပြီးတဲ့မိုဒယ်လေ့လာချက်တွေအရ လိင်စိတ်တိမ်းညွတ်မှုတွေဟာ
ကြီးကြီးမားမားပြောင်းလဲလေ့မရှိဘူးလို့တော့ ကောက်ချက်ချနိုင်ပါတယ်။
လူတွေအချင်းချင်း လိင်ကွဲချစ်သူ၊ လိင်တူလိင်ကွဲချစ်သူ၊
လိင်တူချစ်သူ(ဂေး၊လက်စဘီယံ)စသည် တံဆိပ်ကပ်လေ့ရှိတာ မမှားဘူးလို့ဆိုရမလိုပါ။
ဒါပေမဲ့ မိန်းမတော်တော်များများဟာ သူတို့ရဲ့လိင်စိတ်တိမ်းညွတ်မှုမဟုတ်တဲ့
လိင်ပိုင်းဆိုင်ရာတပ်မက်မှု၊ အပြုအမူမျိုးကို ပြုကျင့်နိုင်ကြပါတယ်။
လိင်ကွဲချစ်သူအနေနဲ့ အိမ်ထောင်ပြုပြီးနှစ်အတော်ကြာ(အများအားဖြင့် အသက်
လေးဆယ်၊ငါးဆယ်ကျော်)မှ လိင်တူချစ်သူ(ဂေး၊ လက်စဘီယံ)အဖြစ် ထုတ်ဖော်တာမျိုး
ယောက်ျားရော မိန်းမမှာပါ တွေ့ရတတ်ပါတယ်။ အဲဒီလိုလူမျိုးတော်တော်များများကို
ကျွန်တော် တွေ့ဖူးပါတယ်။ သူတို့ဘဝဖြစ်စဉ်အကြောင်း မေးကြည့်တဲ့အခါ
ယောက်ျားနဲ့မိန်းမ ကွာခြားမှုကြီးကြီးမားမားရှိနေတာ တွေ့ရပါတယ်။
ယောက်ျားတွေဟာ သူတို့ရဲ့လိင်တူချစ်ခြင်းကို အရွယ်ရောက်ကတည်းက
သတိထားမိတယ်လို့ ဆိုကြပါတယ်။
တကယ့်လက်တွေ့မစမ်းသပ်ခဲ့တာ(ဒါမှမဟုတ် စမ်းသပ်ကြည့်ခဲ့ပေမဲ့ ထုတ်မပြောတာ)
ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သူတို့ကိုယ်သူတို့ လိင်တူချစ်သူအဖြစ်
လက်မခံကြပါဘူး။ အကြောင်းရင်းကတော့ အမျိုးမျိုးပေါ့။ ရှက်လို့၊
ဘာသာရေးအဆုံးအမကြောင့်၊ သမားရိုးကျအိမ်ထောင်ထူထောင်ချင်လို့ စသဖြင့်ပေါ့။
အမေရိကန်ပြည်ထောင်စုလွှတ်တော်အမတ် Robert Bauman ဟာ လိင်တူချစ်သူလို့
မဖွင့်ဟခင် မိန်းမတစ်ယောက်နဲ့ နှစ်နှစ်ဆယ်ကြာ လက်ထပ်နေထိုင်ခဲ့ဖူးပါတယ်။
သူက သမိုင်းဆရာ Eric Marcus ကို ဒီလို ပြောပြခဲ့ပါတယ်
"နှစ် နှစ်ဆယ်လောက်ကြာတဲ့အခါ ကျွန်တော့်ဇနီးနဲ့သင်းအုပ်ဆရာတော်က ဖျောင်းဖျကြတယ်။ အဲဒီ့အချိန်မှာ ကျွန်တော် လွှတ်တော်အမတ်လည်းဖြစ်နေပြီ။ မူးမူးရူးရူးနဲ့ ပြည့်တန်ဆာတွေနဲ့လည်း တရုံးရုံးပေါ့။ ဂေးဘားတွေထဲလည်း ဝင်လိုက်ထွက်လိုက်နဲ့။ ဒါပေမဲ့ တစ်ချိန်လုံး ငါဟာ ဂေးမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကို ညာနေတုန်းပဲ။ ကိုယ့်ကိုယ်ကို ဘယ်လိုညာခဲ့သလဲ ခင်ဗျားတို့ သိချင်နေမှာပဲ။ ငယ်တုန်းကတော့ ကိုယ့်သိစိတ်ထဲမှာ နံရံအထပ်ထပ်ဆောက်လုပ်နေခဲ့တာပဲ။ ကိုယ့်ကိုယ့်ကို ဂေးလို့ လက်ခံလာဖို့ ဘာသာရေးနဲ့ စိတ်ခွဲပညာဆိုင်ရာဆွေးနွေးမှုတွေအကြိမ်ကြိမ်လုပ်ပြီး သုံးနှစ်လောက် အချိန်ယူလိုက်ရတယ်"
မိန်းမတွေကတော့ အဖြေအမျိုးမျိုးပေးကြပါတယ်။ ဒါပေမဲ့ အများစုကတော့ သူတို့ရဲ့
လိင်စိတ်တိမ်းညွတ်မှုကို လုံးဝသတိမထားမိဘူးလို့ ဆိုပါတယ်။
ချစ်ရတဲ့မိန်းမတစ်ယောက်ကို တွေ့တော့မှ၊ ဒါမှမဟုတ် ကွာရှင်းပြတ်စဲတာလို
အဖြစ်အပျက်မျိုးကြုံရတော့မှ သတိထားမိလာကြတာပါတဲ့။ ဟာသပညာရှင် Carol Leifer
ရဲ့ အွန်လိုင်းအမေးအဖြေကို ဖတ်ကြည့်ပါဦး။
"တကယ့်ကို မထင်မှတ်ထားတဲ့ဖြစ်ရပ်တစ်ခုပါပဲ။ ကြိုလည်းမမြင်ခဲ့ဘူး။ မမြင်ဆို ကျွန်မက ယောက်ျားတွေနဲ့ ဆက်ဆံရေး အတော်အဆင်ပြေပြေရှိခဲ့တာကိုး။ မိန်းမတစ်ယောက်နဲ့ဆက်ဆံချင်တဲ့ဆန္ဒ ပြင်းပြင်းပြပြဖြစ်လာတာ လေးဆယ်ဝန်းကျင်လောက်မှာ။ ကျမ ဆန္ဒပြင်းပြနေပုံက ကိုယ့်အကြောင်းကိုယ်အသိနောက်ကျလို့ အတိုးချထက်သန်နေသလိုပဲ မိန်းမတွေနဲ့အိပ်ဖို့က ကျမဘဝပန်းတိုင်တစ်ခုကျနေတာပဲ"
ကျွန်တော့်ထင်မြင်ချက်ကတော့ ကိုယ့်လိင်စိတ်တိမ်းညွတ်မှုကို
သတိထားမိတာချင်းအတူတူ မိန်းမတချို့က
လိင်တူချစ်သူစစ်စစ်တွေအဖြစ်ပြောင်းလဲသွားပေမဲ့ ယောက်ျားတွေထဲမှာတော့
နည်းနည်းပါးပါးကပဲ ပြောင်းလဲခံယူကြပါတယ်။
လိင်ကွဲချစ်သူဖြစ်လာချင်တဲ့ ဂေးတွေအနေနဲ့
ပြုပြင်မှုတချို့လုပ်နိုင်မလုပ်နိုင်ဆိုတာကို ခုချိန်ထိ
အကြီးအကျယ်ငြင်းခုန်နေကြဆဲပါ။ ပြုပြင်တဲ့နည်းလမ်းတွေထဲမှာ စိတ်ခွဲပညာ၊
စိတ်ပိုင်းဆိုင်ရာကုထုံး၊ ဘာသာရေးအခြေခံပြုပြင်ပေးတဲ့
အုပ်စုလိုက်အစီအစဉ်တွေ ပါဝင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး
ပညာရှင်တွေကတော့ ပြောင်းလဲခြင်းကုထုံးလို့ခေါ်တဲ့ နည်းလမ်းဟာ
အောင်မြင်နိုင်ခြေနည်းပြီး ကုသခံဂေးရဲ့ အနှုတ်သဘောဆောင်တဲ့ပုံရိပ်(negative
self-image)ကို အားပေးသလိုဖြစ်ပြီး ဆိုးကျိုးတောင်ရနိုင်တယ်လို့ ဆိုပါတယ်။
ကိုလံဘီယာတက္ကသိုလ်က စိတ်ခွဲပညာရှင် Robert Spitzerဟာ
ပြောင်းလဲခြင်းကုထုံးကြောင့် လိင်တူချစ်သူအဖြစ်ကနေ
လိင်ကွဲချစ်သူအဖြစ်ပြောင်းသွားတယ်ဆိုတဲ့ လူအယောက် ၂၀၀ကို
လေ့လာမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ ပြောင်းလဲလာတယ်ဆိုတဲ့ထဲမှာ ယောက်ျားထက်
မိန်းမအရေအတွက်က ပိုများနေပါတယ်။ ထူးခြားတာတစ်ခုက ယောက်ျားရော
မိန်းမတွေမှာပါ လိင်တူချစ်ခြင်း လုံးဝမရှိတော့ဘူးလို့ ပြောတဲ့သူ
မရှိသလောက်ပါပဲ။
Spitzerရဲ့ လေ့လာမှုကနေ ကျွန်တော်ကောက်ချက်ချလို့ရတာကတော့ ဒီကုထုံးက
(ပြောင်းဖို့) စိတ်အားထက်သန်နေတဲ့ ဂေးတွေကို လိင်ကွဲဆက်ဆံမှုကနေ
သာယာမှုရအောင်၊ လိင်တူချင်းတပ်မက်မှုကို အာရုံမစိုက်မိအောင်
ကူညီပေးနိုင်တယ်ဆိုတာပါပဲ။ ဒါကလည်း အံ့သြစရာတော့ မဟုတ်ပါဘူး။ ဂေးအများစုဟာ
ဂေးလို့ ထုတ်ဖော်မပြောကြားခင် (လိင်ကွဲ)အိမ်ထောင်ပြု၊ ကလေးယူဖူးတာမျိုး
ရှိနေတာပဲမဟုတ်လား။ ကျွန်တော့်အမြင်မှာတော့ ဒီလိုပြုပြင်ခြင်းကုထုံးထက်
ဂေးတွေ ကိုယ့်ကိုယ်ကိုရွံရှာမှု(ဒီရွံရှာမှုကပဲ လိင်ကွဲချစ်သူဖြစ်ချင်လာအောင်
တွန်းပို့ပေးနေတာပါ)ကို တွန်းလှန်နိုင်စေမယ့် ကုထုံးမျိုးကပဲ
ပိုအကျိုးရှိတယ်လို့ ထင်ပါတယ်။ ဒီအကြောင်းကို စိတ်ခွဲပညာရှင် Richard Isay
ရဲ့အမြင်တချို့နဲ့ရှင်းပြပါမယ်။
လိင်စိတ်တိမ်းညွတ်မှုအမျိုးမျိုး ရှိနေခြင်း
Alfred Kinseyက လိင်စိတ်တိမ်းညွတ်မှုကို တိုင်းတာဖို့ အဆင့် ၇ခုပါတဲ့
စကေးစနစ်တစ်ခုကို တီထွင်ခဲ့ပါတယ်။ သုညက (လုံးဝလိင်ကွဲချစ်သူစစ်စစ်)၊
ခြောက်က (လုံးဝလိင်တူချစ်သူစစ်စစ်)နဲ့ ကြားထဲကနံပါတ်တွေကတော့
လိင်တူလိင်ကွဲချစ်ခြင်းပမာဏအမျိုးမျိုးကို ကိုယ်စားပြုတယ်ပေါ့။ ဒါကို
Kinsey scale လို့ခေါ်ပါတယ်။ ခေတ်ပြိုင်သုတေသနပညာရှင်တွေကတော့
ဂဏန်းပိုနည်းတဲ့ တိုင်းတာမှုစကေး(အဆင့် ငါးခု၊ သုံးခုစသည်)တွေကို
သုံးလာပါတယ်။ အမျိုးအစားသုံးခုခွဲကြတဲ့ထဲမှာ လိင်ကွဲချစ်သူဆိုရင်
လိင်ကွဲအုပ်စုကို လုံးဝ သို့မဟုတ် လုံးဝနီးပါးတပ်မက်သူ၊
လိင်တူလိင်ကွဲချစ်သူဆိုရင် လိင်အုပ်စုနှစ်မျိုးလုံးကို တပ်မက်သူ၊
လိင်တူချစ်သူဆိုရင် လိင်တူတဲ့အုပ်စုကို လုံးဝ သို့မဟုတ်
လုံးဝနီးပါးတပ်မက်သူ လို့ သတ်မှတ်ကြပါတယ်။
ကမ္ဘာ့လူဦးရေထဲမှာ လိင်စိတ်တိမ်းညွတ်မှုအမျိုးမျိုး ဘယ်လိုရှိနေသလဲဆိုတာကို
ဂဏန်းအများကြီးပါတဲ့စကေးကို အသုံးပြုပြီး စစ်တမ်းကောက်ယူထားတာရှိပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ သြစတြေးလျနဲ့ ကနေဒါနိုင်ငံတွေမှာ
ကျပန်းကောက်ယူခဲ့တာဖြစ်ပါတယ်။ စစ်တမ်းများအရ ယောက်ျား ၉၆.၄% နဲ့ မိန်းမ
၉၈.၃% တို့က လိင်ကွဲချစ်သူလို့ ဖြေကြားခဲ့ပြီး ယောက်ျား ၀.၆% နဲ့ မိန်းမ
ဝ.၈% တို့က လိင်တူလိင်ကွဲချစ်သူလို့ ဖြေခဲ့ပါတယ်။ ၃.၁%သောယောက်ျားတွေ နဲ့
ဝ.၉%သောမိန်းမတွေကတော့ လိင်တူချစ်သူတွေလို့ ဖြေကြားခဲ့ကြပါတယ်။
ဒီအချက်အလက်တွေကို ပုံမှာပြထားပါတယ်။
ရရှိတဲ့ ကိန်းဂဏန်းတွေ အမျိုးမျိုးဖြစ်နေပေမဲ့ ဒီလေ့လာချက်တွေကနေ
တချို့အချက်တွေကို အတည်ပြုလို့ရပါတယ်။ ပထမအချက်- ယောက်ျားရောမိန်းမမှာပါ
လိင်ကွဲချစ်ခြင်းဟာ ဦးရေအများဆုံးဖြစ်တယ်။ ဒုတိယအချက်-
လိင်ကွဲချစ်သူမဟုတ်သူတွေထဲမှာတော့ ယောက်ျားနဲ့ မိန်းမမှာ မတူညီတာလေးတွေ
ရှိနေတယ်။ လိင်ကွဲချစ်သူမဟုတ်သူယောက်ျားတွေအများစုက
လိင်တူချစ်သူတွေဖြစ်ကြတယ်။ လိင်အုပ်စုနှစ်ခုလုံးကို တပ်မက်သူ
မရှိသလောက်နည်းတယ်။ လိင်ကွဲချစ်သူမဟုတ်တဲ့မိန်းမတွေမှာတော့ လိင်တူချစ်သူနဲ့
လိင်တူလိင်ကွဲချစ်သူဦးရေ မျှတဖြစ်နေတာ သွားတွေ့ရတယ်။
လိင်ကွဲချစ်ခြင်းနဲ့လိင်တူချစ်ခြင်းကြား သိသိသာသာကွာခြားနေတာမျိုး
ယောက်ျားတွေမှာတွေ့ရနေပေမဲ့ မိန်းမတွေမှာတော့ မတွေ့ရပါဘူး။ တကယ်တော့
လေ့လာမှုတွေကလည်း လိင်တူချစ်သူမိန်းမထက် လိင်တူလိင်ကွဲချစ်သူမိန်းမတွေက
ဦးရေပိုများတယ်လို့ ဆိုပါတယ်။
ပုံ ၁.၂ Distribution of sexual orientations for males and females,
based on data from Laumann et al. (1994). Group 1: attracted to
oppositesex only; Group 2: mostly to opposite sex; Group 3: to both
sexes; Group4: mostly to same sex; Group 5: to same sex only.
ဝေဖန်သူတချို့လည်း ဒီစစ်တမ်းတွေက အချက်အလက်တွေက မကိုးကားထိုက်ဘူးလို့
ပြောကြပါတယ်။ စာရင်းထဲရောက်မလာတဲ့ လိင်တူချစ်သူတွေ
(လိင်တူလိင်ကွဲချစ်သူတွေရော) ရှိနေနိုင်ပါသတဲ့။ တချို့နေရာတွေမှာ
ခွဲခြားဆက်ဆံမှုတွေရှိနေသေးတာမို့ ကိုယ့်ကိုယ်ကို လိင်တူချစ်သူအဖြစ်
ဖွင့်မပြောချင်တာမျိုး ရှိနိုင်တာကိုး။ ဒါ့ကြောင့် ဒီစစ်တမ်းတွေကနေ
ယတိပြတ်ကောက်ချက်ချလို့မရသေးပါဘူး။ ဒါပေမဲ့
အင်တာဗျူးဖြေသူရဲ့လျှို့ဝှက်ချက်ကို မပေါက်ကြားစေရဘူးလို့အာမခံထားတဲ့
(ဥပမာ- အင်တာဗျူးမေးသူနဲ့ဝေးရာမှာ အဖြေပေးနိုင်တာမျိုး၊ ကွန်ပျူတာကတဆင့်
ဖြေကြားနိုင်တာမျိုး) စစ်တမ်းတွေ၊ လတ်တလော(လိင်တူချစ်ခြင်းကို
အရင်ခေတ်ကနဲ့စာရင် လက်ခံလာကြချိန်) ကောက်ယူထားတဲ့စစ်တမ်းတွေ၊
အမေရိကန်ပြည်ထောင်စုထက် လိင်တူချစ်ခြင်းကို ပိုလက်ခံတဲ့တိုင်းပြည်တွေမှာ
ကောက်ယူထားတဲ့စစ်တမ်းတွေမှာတောင် လိင်ကွဲချစ်သူမဟုတ်သူတွေ အရေအတွက်က
သိပ်များများပြားပြားထွက်မလာပါဘူး။ တကယ်တော့၊ လိင်တူချစ်သူလူဦးရေ ၃.၁%
ရှိတယ်လို့ ခန့်မှန်းထားတဲ့ အဲဒီ အမေရိကန်ပြည်ထောင်စု စစ်တမ်းကောက်ယူမှုရဲ့
ရလာဒ်ဟာ ရှေ့က ပြုလုပ်ခဲ့ပြီးဖြစ်တဲ့ အခြားသော စစ်တမ်းတွေက
ခန့်မှန်းထားတဲ့ အများဆုံးပမာဏတွေနဲ့ အနီးစပ်ဆုံးရှိနေဆဲပါပဲ။
Northwesternတက္ကသိုလ်က Michael Bailey နဲ့အပေါင်းအပါတွေ (Ontarioပြည်နယ်၊
Kingstonရှိ Queen’s တက္ကသိုလ်က Meredith Chivers အပါအဝင်)
ရမ္မက်နိုးဆွနိုင်တဲ့ဗီဒီယိုတွေကြည့်စဉ် လိင်အင်္ဂါ နိုးထမှုကို တိုင်းတာပြီး
ယောက်ျားမိန်းမတွေရဲ့ လိင်စိတ်တိမ်းညွတ်မှုကို လေ့လာခဲ့ကြပါတယ်။
လိင်ကွဲချစ်သူယောက်ျားတွေနဲ့ လိင်တူချစ်သူယောက်ျားတွေဟာ လိင်အင်္ဂါနိုးထမှုမှာ
သူတို့ဖြေကြားထားတဲ့လိင်စိတ်တိမ်းညွတ်မှုအတိုင်းပဲ အဖြေထွက်ပါတယ်။
ဆိုလိုတာက လိင်ကွဲချစ်သူယောက်ျားတွေက မိန်းမတွေပါတဲ့ဗီဒီယိုကိုကြည့်တဲ့အခါ
နိုးထကြပြီး လိင်တူချစ်သူယောက်ျားတွေက ယောက်ျားတွေပါတဲ့ဗီဒီယိုကိုကြည့်ရင်
နိုးထကြတယ်ပေါ့။ ဒါပေမဲ့ လိင်အုပ်စုနှစ်မျိုးလုံးကို သဘောကျတယ်လို့
ဖြေကြားကြတဲ့ လိင်တူလိင်ကွဲချစ်သူယောက်ျားတွေကတော့ ယောက်ျား နဲ့
မိန်းမတွေရဲ့ ရမ္မက်နှိုးဆွနိုင်တဲ့ပုံရိပ်တွေကို တုံ့ပြန်တဲ့နေရာမှာ
ညီတူညီမျှမဟုတ်ဘဲ ဖြစ်နေပါတယ်။ လိင်အုပ်စုတစ်မျိုးကိုပဲ(များသောအားဖြင့်
ယောက်ျားတွေကို) ပိုယိမ်းနေတာ သွားတွေ့ရပါတယ်။
လိင်တူလိင်ကွဲချစ်သူလို့ ထွက်ဆိုထားသူတွေ စမ်းသပ်မှုလုပ်တဲ့အခါ လိင်အုပ်စုတစ်ခုကိုပဲ တုံ့ပြန်မှု(နိုးထမှု) ပြဆိုနေတာ မဟုတ်တမ်းတရားဖြေကြားကြလို့မဟုတ်ဘဲ သူတို့အနေနဲ့ လိင်အုပ်စုနှစ်မျိုးကို လိင်ဆိုင်ရာမဟုတ်တဲ့ တပ်မက်မှုကြောင့် ဖြစ်နိုင်တယ်လို့ သုတေသနပညာရှင်တွေက ကောက်ချက်ချပါတယ်။ လိင်အင်္ဂါတုံ့ပြန်မှု(နိုးထမှု) နဲ့ ပုဂလဓိဌာန်တုံ့ပြန်မှု (မေးခွန်းဖြေကြားတာကိုဆိုလိုတယ်) ဘာကြောင့် မတူညီရသလဲဆိုတာ အဖြေမထွက်သေးတဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်နေဆဲပါပဲ။ ဖြစ်နိုင်ချေရှိတာက လိင်တူလိင်ကွဲချစ်သူယောက်ျားတွေဟာ ယောက်ျားနဲ့မိန်းမတွေကို တပ်မက်တဲ့နေရာမှာ ပုံစံအမျိုးမျိုးနဲ့ (ဥပမာ- လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ (ရုပ်)ကိုယ်ကာယပိုင်းဆိုင်ရာ ခင်တွယ်တာမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ဥပမာ သူတို့က ယောက်ျားတွေကို လိင်ပိုင်းဆိုင်ရာအားဖြင့်တပ်မက်ပြီး မိန်းမတွေကို ရိုမန့်တစ်ဆန်တဲ့ စိတ်ပိုင်းဆိုင်ရားအားဖြင့် တွယ်တာတာမျိုးပေါ့။ လိင်ပို်င်းဆိုင်ရာတပ်မက်မှုကပဲ လိင်အင်္ဂါနိုးထမှုကို ပြသပြီး စိတ်ပိုင်းဆိုင်ရာတပ်မက်မှုကတော့ လိင်အင်္ဂါနိုးထမှုမပြတာမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် လိင်တူလိင်ကွဲယောက်ျားတွေအကြောင်း ထပ်လေ့လာဖို့ လိုအပ်နေဆဲပါပဲ။
Bailey ရဲ့ဒီလေ့လာမှုမှာ မိန်းမတွေအကြောင်းတွေ့ရှိမှုက ယောက်ျားတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ လိင်အင်္ဂါနိုးထမှုမှာ လိင်တူလိင်ကွဲချစ်သူလို့ အဖြေထွက်တဲ့ မိန်းမအရေအတွက်ဟာ ထင်ထားတာထက် ပိုများနေတာကို တွေ့ရပါတယ်။ ဒီထဲမှာ မေးခွန်းမေးတုန်းက ဆန့်ကျင်ဘက်လိင်(ယောက်ျား)တွေကိုပဲ တပ်မက်တယ်လို့ ဖြေခဲ့တဲ့မိန်းမတွေတောင် ပါနေပါသေးတယ်။ တကယ်တော့ သူတို့(မိန်းမတွေ)ရဲ့ အဖြေကို ကြည့်ပြီးတော့ လိင်အင်္ဂါနိုးထမှုဘယ်လို ထွက်လာမယ်ဆိုတာ ခန့်မှန်းဖို့ တော်တော်ခက်ပါတယ်။ တခြားသုတေသနအဖွဲ့တွေကလည်း ဒီလိုအလားသဏ္ဍာန်တူတဲ့ တွေ့ရှိချက်မျိုးထွက်လာပါတယ်။
Fullerton ၊ ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ်က Richard Lippa နဲ့ Travis Patterson တို့ရဲ့ လေ့လာမှုကလည်း ဒီလိုအဖြေမျိုးပဲထွက်လာပါတယ်။ သူတို့လေ့လာမှုကတော့ လိင်ကွဲချစ်သူလို့ ထွက်ဆိုထားတဲ့ ယောက်ျား၊ မိန်းမတွေကို ရေကူးဝတ်စုံဝတ်ထားတဲ့မော်ဒယ်လ်ပုံတွေပြပြီး စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ မိန်းမတွေကိုပဲ တပ်မက်တယ်လို့ဖြေကြားခဲ့တဲ့ယောက်ျားတွေက စမ်းသပ်တဲ့အချိန်အတွင်းမှာ မိန်းမမော်ဒယ်လ်ပုံတွေကိုပဲ စိုက်ကြည့်ပါတယ်။ တဖန် ယောကျာ်းရော မိန်းမကိုပါ တပ်မက်တယ်လို့ ဖြေတဲ့ မိန်းမတွေရဲ့ ယောက်ျားမော်ဒယ်ပုံတွေကို ကြည့်တဲ့အချိန်နဲ့ မိန်းမမော်ဒယ်လ်ပုံတွေကို ကြည့်တဲ့အချိန် ပမာဏဆတူလောက်ဖြစ်နေပါတယ်တဲ့။
လေ့လာမှုတွေအရ မိန်းမတွေရဲ့လိင်စိတ်တိမ်းညွတ်မှုဟာ ရှုပ်ထွေးပါတယ်။ ဒါပေမဲ့ မိန်းမတွေဟာ ယောက်ျားတွေထက် လိင်စိတ်တိမ်းညွတ်မှုမှာ ပိုပြုလွယ်ပြောင်းလွယ်ဖြစ်တာကို သွားတွေ့ရပါတယ်။ အကြမ်းဖျင်းပြောရမယ်ဆိုရင် ယောက်ျားတွေရဲ့လိင်စိတ်တိမ်းညွတ်မှုကို လိင်အင်္ဂါနိုးထမှုကိုကြည့်ပြီး အဖြေထုတ်လို့ရပေမဲ့ မိန်းမတွေမှာတော့ ဒီစမ်းသပ်မှုက သိပ်အသုံးမဝင်လှပါဘူး။ ဒါ့ကြောင့် မိန်းမတွေရဲ့ လိင်စိတ်တိမ်းညွတ်မှုဟာ ယောက်ျားတွေနဲ့နှိုင်းစာရင် ပိုမိုရှုပ်ထွေးတဲ့(higher-level) အနေအထားမှာ ရှိနေတယ်လို့ဆိုနိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာမဟုတ်တဲ့ဆက်ဆံရေးကိစ္စတွေနဲ့ သက်ဆိုင်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒီအကြောင်းအရာကို အကြမ်းဖျင်းသုံးသပ်တဲ့အခါ Michael Bailey က (တိကျတဲ့အဖြေကို မပေးသော်ငြား) မေးခွန်းတစ်ခု ထုတ်လာပါတယ်။ ယောက်ျား၊ ဒါမှမဟုတ် မိန်းမကို လိင်ပိုင်းဆိုင်ရာအားဖြင့်မဟုတ်ဘဲ တပ်မက်တယ်ဆိုတဲ့မိန်းမတွေမှာ လိင်စိတ်တိမ်းညွတ်မှုတစ်ခုခုရှိတယ်လို့သာ ကောက်ချက်ချနိုင်တာလား ဆိုတဲ့ မေးခွန်းပါပဲ။(check this translation!) ဒီမေးခွန်းရဲ့အဖြေကို အသာထားဦး၊ မိန်းမတွေကို(ဒါမှမဟုတ် မိန်းမရောယောက်ျားကိုပါ) တပ်မက်တယ်လို့ဖြေဆိုသူမိန်းမတွေဟာ ယောက်ျားတွေကို တပ်မက်တယ်လို့ဖြေကြားသူမိန်းမတွေနဲ့ အများကြီးကွာခြားနေတာကို လက်တွေ့မှာ သွားတွေ့ရပါတယ်။ ဒီအကြောင်းကို နောက်အခန်းများကို ဆက်ရေးပါမယ်။ ဒါ့ကြောင့် မိန်းမတွေမှာ လိင်စိတ်တိမ်းညွတ်မှုရှိတယ် ဆိုတဲ့ ယူဆချက်က (အနည်းဆုံးတော့)အသုံးတည့်တဲ့အယူဖြစ်နေပါတယ်။
အမျိုးအစားတွေ ခွဲခြားထားတာတွေ ရှိသလား
ဖော်ပြခဲ့တဲ့ တွေ့ရှိချက်တွေက ညွှန်းဆိုနေတာကတော့ ယောက်ျားတွေရဲ့ လိင်စိတ်တိမ်းညွတ်မှုကို အမျိုးအစားအုပ်စုနှစ်မျိုး (လိင်ကွဲချစ်သူ နဲ့ လိင်တူချစ်သူ) ပိုင်းခြားနိုင်ပေမင့် မိန်းမတွေရဲ့ လိင်စိတ်တိမ်းညွတ်မှုကတော့ အသွင်အမျိုးမျိုးဆောင်နေတဲ့ သဘောပါ။ ဒါ့ကြောင့် မိန်းမတွေရဲ့ လိင်စိတ်တိမ်းညွတ်မှုကို အမျိုးအစားအုပ်စု နှစ်မျိုး(ဒါမှမဟုတ် သုံးမျိုး) ပိုင်းခြားတာဟာ လက်တွေ့သဘောထက် အမည်တပ်လို့လွယ်အောင်လုပ်သလိုပဲ ဖြစ်နေမှာပါ။
စိတ်လက္ခဏာရပ်ကိုအသုံးပြုပြီး အမျိုးအစားခွဲခြားနိုင်ခြင်းရှိမရှိ taxometric analysis လို့ခေါ်တဲ့ စာရင်းဇယားပြုစုလေ့လာမှုနဲ့ ဆန်းစစ်လို့ရပါတယ်။ (စာရင်းဇယားက ထွက်လာတဲ့ အကြမ်းဖျင်းအချက်အလက်တွေက အမျိုးမျိုးဖြစ်နေနိုင်တာတစ်ခုတော့ရှိပါတယ်) နယူးမက်ဆီကိုတက္ကသိုလ်က Steven Gangestad ဟာ Michael Bailey ၊ Nicholas Martin တို့နဲ့အတူ ဒီနည်းလမ်းကိုအသုံးပြုပြီး လိင်စိတ်တိမ်းညွတ်မှုကိုလေ့လာခဲ့ပါတယ်။ အတိုချုပ်ပြောရရင် ဒီလေ့လာမှုမှာ လိင်စိတ်တိမ်းညွတ်မှုနဲ့ တခြားလက္ခဏာရပ်တွေ(ကလေးဘဝက ကျားဆန်သလား၊ မဆန်သလား၊ ဂေးဆန်သလား နဲ့ အရွယ်ရောက်ချိန် ကျားဆန်ခြင်း၊ မဆန်ခြင်း စသည်) ဘယ်လိုကွဲပြားနေသလဲဆိုတာ ဆန်းစစ်ပါတယ်။ ဒီခွဲခြမ်းစိတ်ဖြာမှုအရ ယောက်ျားရော မိန်းမမှာ ကျွန်တော်တို့ သတိမထားမိတဲ့ ငုံ့လျှိုးနေတဲ့ အမျိုးအစားနှစ်ခုရှိပါသတဲ့။ ပထမအမျိုးစားမှာတော့ လိင်ကွဲချစ်သူတွေချည်းသာ ပါဝင်ပါတယ်။ ယောက်ျားတွေရဲ့ ၈၅% - ၈၈%၊ မိန်းမတွေရဲ့ ၉၀% - ၉၅% က ဒီအမျိုးအစားထဲမှာ ပါဝင်ပါတယ်။ နောက်အမျိုးအစားမှာတော့ ယောက်ျားတွေရဲ့ ၁၂%-၁၅%၊ မိန်းမတွေရဲ့ ၅%-၁၀% ပါဝင်ပါတယ်။ ဒီအမျိုးအစားမှာတော့ လိင်တူချစ်သူတွေရော၊ လိင်ကွဲချစ်သူတွေပါ ရောနှောပါဝင်ပါတယ်။
ဒီအချက်အလက်တွေကို အနက်ပြန်ကြည့်မယ်ဆိုရင် လူရဲ့ဖွံ့ဖြိုးမှုမှာ ပါဝင်တဲ့အကြောင်းတရားတစ်ခု (ဥပမာ-မျိုးရိုးဗီဇဆဲလ် ဒါမှမဟုတ် မမွေးခင်ကဟော်မုန်းပမာဏ)က လိင်ကွဲချစ်ခြင်းကို အားပေးပြီး ဖွံ့ဖြိုးမှုမှာပါတဲ့အခြားအကြောင်းတရားတစ်ခုကတော့ လိင်တူချစ်ခြင်းကို ဖြစ်တန်စွမ်းရှိ (capacity)တယ်ဆိုပေမယ့် လုံးဝဖြစ်စေတယ်လို့ ယူလို့မရပြန်ပါဘူး။ ဒီအခြားအကြောင်းတရား ပါလာတဲ့ လူတွေမှာ ပတ်ဝန်းကျင်အခြေအနေကိုမူတည်ပြီး (ဒါမှမဟုတ် ပတ်ဝန်းကျင်နဲ့မဆိုင်ဘဲ သူ့ဖာသာသူ) လိင်စိတ်တိမ်းညွတ်မှုတစ်ခုခု (လိင်တူချစ်သူ ဒါမှမဟုတ် လိင်တူလိင်ကွဲနှစ်မျိုးလုံးချစ်သူ) ဖြစ်ပေါ်လာတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုမယူဘဲ တခြားအနက်ပြန်ပုံတွေလည်း အများကြီးရှိပါသေးတယ်။ ပြီးတော့ ဒီစမ်းသပ်မှုနဲ့ လိင်စိတ်တိမ်းညွတ်မှုကိုလေ့လာခြင်းကို ဆက်သုတေသနပြုဖို့ အခုထိတော့ စိတ်မဝင်စားလာကြသေးပါဘူး။
(ဆက်ရန်)
Gay, Straight and the Reason Why: The Science of Sexual Orientation by Simon LeVay




0 comments:
Post a Comment